နေ့ပြီးတော့ ည၊ ညပြီးတော့ နေ့၊ တနေ့တနေ့ တရွေ့ရွေ့ ကုန်ဆုံးခဲ့ပြီဖြစ်သလို ငါ၏ ရုပ်နာမ် ခန္ဓာမှာလည်း ဆက်မပြတ် အဖန်အဖန် အထပ်ထပ် ဖြစ်ပျက်ဟူသော သင်္ခါရသဘောကို ဆောင်လျက်ရှိ၏။ ငယ်ရွယ်ပျိုမြစ် နုနယ်လျက်ဟု မာန်တကြွကြွ ဟန်တပြပြဖြင့် မောဟပိတ်ဖုံး ဆိုးရွားသော အယူကား မပျောက်တတ်သေး။
အိပ်မပျော်သော ညများဝယ် ဘဝင်စိတ်ဇောတို့သည် မြန်ပြည်တကြော၌ စုန်ကာဆန်ကာ သာသနာ အရေး၊ ပညာရေး၊ နိုင်ငံရေး၊ လူမှုရေးစသော လောကဝတ်ဓမ္မဝတ်တို့ကို ကိုယ်ကျိုးလုံးလုံးမပါဘဲ လုပ်ချင်ကိုင်ချင်စိတ်များ တဘွားဘွား ပေါ်လျက်ရှိသည်။ မကောင်းသူများကို ပယ်၍ ကောင်းသူများကို ကယ်မည်။ အဓမ္မတို့ ဆိတ်သုဉ်း၍ ဓမ္မတို့ကို တိုးပွားစေမည်။ ကပ်ဘေးအမျိုးမျိုးကြောင့် ဒုက္ခ ရောက်လျက်ရှိသော ပြည်သူများကို ရင်ဝယ်ပိုက်ထွေး၍ သားအရင်း၊ မွေးချင်းများကဲ့ ပြုစုစောင့်ရှောက် ကူညီမည်။ ကျရောက်လာမည့် အမျိုးမျိုးသော ဘေးဒုက္ခတို့ကို တားဆီးကာကွယ်မည်။ စသဖြင့် မေတ္တာပန်းတို့သည် အေးချမ်းသော ညအလယ်တွင် ပွင့်လန်းလျက်ရှိချေ၏။
ထိုသို့ တန်ကြာသည့်အခါ စိတ်ကစားမှုများကို ပယ်ဖျက်၍ အနန္တစကြာဝဠာ သုံးဆယ့်တစ်ဘုံသား ဝေနေယျတို့အား ကရုဏာထား၊ မုဒိတာပွားပြီး၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြစေရန် ရည်သန်၍ ဆုတောင်း မေတ္တာပို့လွှတ်လျက်ရှိ၏။
(ဆုတောင်းလင်္ကာ) ချမ်းသာ ဆင်းရဲ၊ မျိုးကွဲမရှိ၊ မခွဲဘိတောင်း၊ နတ်လူပေါင်းကို၊ ကောင်းကျိုးလိုလား၊ ကောင်းကြသားဟု၊ ကောင်းဆုကိုပေး၊ ကောင်းဆေးကိုတိုက်၊ ကောင်းထိုက်ကြသူ၊ ဗိုလ်လူအများ၊ သနားချစ်ခင်၊ မေတ္တဝင်ကာ၊ ကိုယ်စိတ်နှစ်ဖြာ၊ ဘေးရန်ကွာ၍၊ ချမ်းသာကြစေ၊ ကျန်းမာကြစေ၊ လန်းဖြာကြစေ၊ ဝမ်းသာကြစေ၊ တောင်းဆုချွေရ၊ ပြုပြုသမျှ၊ ကုသလကြောင့်၊ မိဘဆရာ၊ များတကာပေါင်း၊ သောင်းစကြာအား၊ ပေးဝေငြား၏၊ အမျှရကြပါစေသော်။
0 comments:
Post a Comment