Monday, 21 February 2011

မဲဆောက်မှိုက်ပုံမှ စိန်မှန်ကင်းရဲ့ ပြာတမှုန်

တလောက မဲဆောက်မှိုက်ပုံကြီးကို ယူကျုမှာ တွေ့လိုက်ရတယ်။ တမြို့လုံးက စွန့်ပစ်ပစ္စည်း၊ အမှိုက်သရိုက်တွေဆိုတော့ မှိုက်ပုံကြီးက တောင်လုံးအမျှပါပဲ။ ကြီးလည်းကြီး ကျယ်လည်းကျယ်။ ရှေ့၊ နောက်၊ တောင်၊ မြောက် ရပ်လေးမျက်နှာ ဘယ်နေရာကတိုက်တဲ့ လေဖြစ်ပါစေ အညီအဟောက်အနံ့တွေ ပြင်းပြင်းထန်ထန် နှားခေါင်းဝထံ ရောက်လာပါသတဲ့။ နံလိုက်တာ လွန်ရောတဲ့။ သြော် အမှိုက်ပုံပါဆို နံမှာပေါ့။ မွေးတဲ့မှိုက်ပုံများ ရှိလို့လား။

ဗမာပြည်သားတွေ တွေ့နေပါရဲ့ မှိုက်ပုံကြားမှာ လက်အိပ်ဗလာ တုတ်တွေနဲ့ ထိုးဆွပြီး ရွှေရှာနေသလား အောက်မေ့ရတယ် သဲသဲမဲမဲ။ မထင်လိုက်ပါနဲ့ ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်၊ ရေသန့်ပုလင်း၊ အတိုအစအဖျင်းတွေကို ရှာနေကြတာပါ။ ၀ါသနာအရတော့ ဘယ်ဟုတ်မလဲ။ ၀မ်းစာလေ ၀မ်းစာ၊ သမုဒ္ဒရာ ၀မ်းတထွာ ဆိုသကိုးဗျ၊ ရှာကြရ၊ ဖွေကြရတာပေါ့။

တချို့စေတနာရှင်တွေ တတ်အားသမျှ ကူညီစောင်မကြရှာပါတယ်။ သာဓုလည်း ခါခါ ခေါ်မိပါရဲ့၊ ပိုတယ်လို့ မထင်နဲ့ မျက်ရည်တောင် ကျမိတယ်။ သြော်တို့နိုင်ငံသားတွေ ဆင်းရဲရှာတယ်၊ တာဝန်သိပုဂ္ဂိုလ်များမှာတော့ စာနာစိတ်၊ သနားစိတ်၊ ညှာတာစိတ်တွေနဲ့ ဝေခြမ်း ကြွေးမွေး အလှူအတန်း ပေးနေကြတယ်။ သာဓုကွယ်... သာဓု သာဓု။

စေတနာရှင် တယောက်က အမှိုက်ကောက်သမကို မေးတယ်။ ဘယ်ရပ်၊ ဘယ်နယ်၊ ဘယ်ဆီ၊ ဘယ်ဝယ်ကလဲတဲ့။ ရေကောင်း မြေကောင်း ဆီနှစ်ပေါင်းခပြီး အသီးအနှံကြွယ်ဝတဲ့ ပဲခူးတိုင်းကပါတဲ့။ မှိုင်းပျပျ ပဲခူးရိုးမကြီးကို ပြေးလို့သာ မြင်မိတော့တယ်။ ဘယ့်နှယ်ကြောင့် မဲဆောက်အမှိုက်ပုံမှာ လာနေတာလဲ၊ ဟိုမှာ ဆင်မပြေလို့လားလို့ တိုးလို့ မေးကြည့်တော့။ အင်း... ဆင်တော့ပြေပါတယ်၊ လယ်ယာလည်း ရှိပါရဲ့ ဒါပေမဲ့ ဟိုမှာက ဒီမှာလောက် ပျော်စရာ မကောင်းဘူးလေ၊ ပိုက်ဆံရှားတယ်၊ ရှာရခက်တယ် ဒါကြောင့် ဒီမှာပျော်နေတာပါတဲ့။

အထက်က အမှိုက်ကောက်သမရဲ့ စကားကို သတိထားမိကြမှာပေါ့။ ဗမာပြည်၊ မှိုင်းပျပျ ရိုးမအလှတွေရှိတဲ့ ပဲခူးတိုင်း၊ ပဲခူးပြည် ရေမကြည်တော့သလား၊ မျက်မနုတော့သလား မျက်နှာမထောက်ထားနိုင် ၀မ်းစာအတွက် ခြေဦးတည့်ရာ ပြောင်းလာတဲ့နေရာက ပျော်စရာများနဲ့ မဲဆောက်မှိုက်ပုံကြီး ဖြစ်နေပါကောလား။ တွေးမိပါရဲ့ ဒါတကယ်ပဲလားလို့။

ပဲခူးလို့ အသံမြည်လိုက်ရင်ပဲ ရွှေရောင်တ၀င်းဝင်း ငွေရောင်တပျက်ပျက်နဲ့ ဟံသာဝတီပြည်ကြီးကို တဖန် အောက်မေ့မိပြန်တယ်။ တန်ခိုးကကြီး၊ အမျိုးရိုးမြတ်ပါဘိ ရွှေနန်းရှင် မွန်ဘုရင်တို့ စိန်မှန်ကင်းဟာ အင်းဝမင်းတို့၊ တောင်ငူဘုရင် တပင်ရွှေထီးတို့ လက်အောက်တော်သို့ ကျရောက်ပြန်တော့လည်း စိန်မှန်းကင်းက ၀င်းသထက်ဝင်း၊ ထိန်သထက်ထိန်လို့ သာသာယာယာ စိမ်းစိမ်းလန်းလန်း ပထမတန်းစားတွေ။ အိင်္ဂလိပ်တွေ လူသူစိတ်ကင်း မိုက်ခြင်းကြီးမိုက်တဲ့ အခါတောင်မှ အချွန်းချွန်းနဲ့ တို့စိန်မှန်ကင်းတွေ ထင်းမဖြစ်ရဘဲ ဒီခေတ်ထဲကျမှ ပြာကျရရှာတယ်။ ဘယ့်နှယ်ပါလိမ့် တစိမ့်စိမ့်တွေးကြည့်ရင်တော့ တရေးရေး မြင်မိမှာပါ။

ပဲခူးမှာ ဆင်းရဲကြုံရင် ရန်ကုန်သို့ စုန်မယ်၊ ပဲခူးမှာ အခက်တွေ့ရင် မန္တလေးတက်မယ်၊ အကြားမယ်မှာ ပြည်တော်သာ မိတ္ထီလာတောင် ရှိသေး။ အမလေး အထင်သေးလို့ ပြောတာမဟုတ်ဘူး၊ ရန်ကုန်ဆိုတာ အခုချိန် ရန်ပုံဖြစ်နေပြီ၊ အထက်မန္တလေးမှာဆိုရင်လဲ ဘုန်းကြီးသွေးရဲရဲကျလို့ ဘယ်သရဲသဘက်များ ၀င်သွားသလဲမသိ။ မိတ္ထီလာဆိုတာကလည်း ရေကန်တခုသာ ရှိတော့တာ။ ဘယ်မှာမှ လုပ်စား ကိုင်စားလို့ မရတော့ဘူး။ ရန်ကုန်က မှိုက်ပုံ၊ မန္တလေးကပြာပုံ၊ ပျဉ်းမနားက ရိုးပုံဆိုပဲ။ အတိတ်တွေ၊ နိမိတ်တွေ၊ တဘောင်တွေ အကောင်းဆိုတာ ရှာဖွေလို့မရတော့။ ကဲ... မရရင် ဘုရားရှင်ထံ ဦးသုံးကြိမ်တင်ပြီး တမ်းတမ်းကြီး မဲဆောက်မှိုက်ပုံကြီးကို လစ်ကြပေတော့။

ရင်နာနာနဲ့ ရေးတဲ့စာမို့ မစိုးမပို့ ဝေဒနာတချို့ပါခဲ့ရင် စာဖတ်သူ သခင် (သို့) သာကီဝင်တို့ နှလုံးစိတ်ကိုထိမ်းကာ၊ သိမ်းကာ ဖတ်ကြပါလို့ တောင်းဆိုရင်း နိဂုံးချုံးလိုက်ပါသည်။ လွန်တာများ ပါသွားသည်ရှိသော် ထောက်ပြတော်မူကြပါ၊ အကြံပေးပါ၊ ခွင့်လွှတ်ကြပါလို့ ကောက်ကျို့၍ တောင်းပန်လိုက်ပါသည်။

အရှင်ဓမ္မ (ဒေလီ)

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international calls